နိဒါန်း
နှစ်ခြင်းခရစ်ယာန် အသင်းတော် တွေမှာ စီရင်ကျင်းပ နေကြတဲ့ မင်္ဂလာဝတ် တွေထဲက “ပွဲတော် မင်္ဂလာ” နဲ့ပတ်သက်ပြီး နှစ်ခြင်း ယုံကြည်သူတွေ အကြား အယူအဆ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နားလည်ခံယူ နေကြတာကို တွေ့ရ၊ မြင်ရ၊ ကြားနေ ရပါတယ်။ ဒါတွေက သိပ်များ လွန်းလို့ မပြောတော့ ပါဘူး။ သမ္မာ ကျမ်းစာက ပွဲတော် မင်္ဂလာ (The Lord’s Supper) ၀င်ရောက် ခံယူတာနဲ့ ပတ်သက်ပြီး ထားရမယ့် ရည်ရွယ်ချက်၊ ရှိရမဲ့ စိတ်နေ စိတ်ထား၊ ဆိုလိုတဲ့ အနက် အဓိပ္ပါယ်နဲ့ ဘာကို သွန်သင် နေတယ် ဆိုတာကို  နှစ်ခြင်း ယုံကြည် သူတွေရဲ့ အသက်တာ အတွက် အထောက် အကူ ဖြစ်ဖို့ ဝေမျှ ပါရစေ။

သမ္မာကျမ်းမှဖေါ်ပြချက်
သမ္မာကျမ်းစာ ထဲမှာ ပွဲတော် မင်္ဂလာနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ် အချို့ကို ဦးစွာ လေ့လာ ကြပါစို့။ (၁ကော ၁၁း၂၀) သခင် ဘုရား၏ ပွဲတော် (၁ကော ၁၀း၂၁) သခင် ဘုရား၏ ခွက်ဖလား(၁ကော ၁၀း၁၆) ကျေးဇူး တော်ကို ချီးမွမ်းရာ မင်္ဂလာ ခွက်ဖလား (ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်း၊ ဖဲ့သောမုန့် မူကား ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်း) (တမန် ၂း၄၂) မှာတွေ့နိုင် ပါတယ်။ ကနဦး အသင်းတော် ခေတ်တုန်း ကတော့ eucharist (သို့) ခရစ်တော်ကို ကျေးဇူးတင် (ကျေးဇူးတော် ချီးမွမ်း)တဲ့ အနေနဲ့ ကျင်းပ ကြပါတယ်၊ ယှဉ်တွဲပြီး ဖတ်ရန် (မသဲ၂၆း၂၇)။ ဒါကိုလုပ်ဖို့ မိန့်ကြား ထားတာကို (မသဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၂၂-၂၅၊ လုကာ ၂၂း၁၉-၂၀၊ ၁ကော ၁၁း ၂၄-၂၆) အစရှိတဲ့ ကျမ်းပိုဒ် တွေမှာလည်း ဖေါ်ပြ ထားပါ သေးတယ်။ ထူးခြား တာက ပွဲတော် မင်္ဂလာနဲ့ ပတ်သက်ပြီး ရှင်ယောဟန် ခရစ်ဝင်ကျမ်း မှာတော့ ဘာမှ ဖေါ်ပြထားတာ မတွေ့ရ ပါဘူး။

ပွဲတော်မင်္ဂလာ (ခရစ်တော်ရဲ့ ညစာစားပွဲ) ဆိုတာ လူသားအားလုံးရဲ့ အဖြစ်အတွက် ခရစ်တော် ကိုယ်တိုင် အသေခံခြင်းနဲ့ ဆိုင်တဲ့ ခရစ်တော် ကိုယ်တိုင် အစပြု လုပ်ဆောင် တော်မူခဲ့တဲ့ အထိန်းအမှတ် အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်ပါတယ်။ “ငါ့ကို အောက်မေ့ ဖို့ရန် ဤသို့ ပြုကြ လော့”  "Do This in remembrance of me.”(လုကာ ၂၂း ၁၉)ဆိုတဲ့ မိန့်မှာချက်ဟာ| (၁) ဒီညစာစားပွဲကို ရည်ရွယ်ချက် ရှိရှိ၊ အဓိပ္ပါယ် လေးနက်စွာ ခံယူဆက်ဆံ ကြဖို့ "To signify”၊ (၂) အခါခါ သတိရ အောက်မေ့ နေရမယ့် အမှတ် လက္ခဏာ အထိမ်းအမှတ် (၃) ခရစ်တော် ပေးသနားတဲ့ ပဋိညာဉ်သစ်နဲ့ ဆိုင်တဲ့ ကျေးဇူးတော် အလုံးစုံကို ခရစ်တော်ကို ယုံကြည် သူတိုင်း ခံစားရကြောင်း ဒီပွဲတော် မင်္ဂလာအားဖြင့် ထုတ်ဖေါ်ပြသဖို့၊ (၄) ခရစ်တော်ဟာ လောကလူသား အားလုံးအတွက် အဆုံးစွန် ပေးဆပ်ခဲ့တဲ့ ကရုဏာ မေတ္တာကို ချီးမွမ်း ရေတွက်ဖို့၊ (၅) ခရစ်တော်နဲ့ ကျွန်ုပ်တို့ တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ အချင်းချင်းလည်း ခရစ်တော်အားဖြင့် တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်း ၀န်ခံဖို့၊ (၆) ကျွန်ုပ်တို့အားလုံး ခရစ်တော် အလိုတော်ရှိတဲ့ အသက်တာနဲ့ အသက်ရှင်ဖို့ ဂတိပြု ၀န်ခံခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ပွဲတော် ဆိုတာ။
၁။ To be a badge of the Christian profession.
    (ခရစ်ယာန်တွေ ၀န်ခံဂတိပြုတဲ့ အမှတ်တံဆိပ်)
၂။ To indicate and to promote the communion of believers with Christ.
    (ခရစ်တော်နှင့် ယုံကြည်သူတွေ တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြသခြင်း)
၃။ To represent the mutual communion of believers with each other.
    (ယုံကြည်သူ အားလုံး တစ်ဦးနဲ့တစ်ဦး တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်းကို ကိုယ်စားပြုခြင်း) ဖြစ်ပါတယ်။

ပွဲတော် မင်္ဂလာ (ခရစ်တော်ရဲ့ ညစာစားပွဲ) ကျင်းပကြတဲ့ အခါ လောက လူသား အားလုံး အတွက် ပေးဆပ်တဲ့ ခရစ်တော်ရဲ့ “ခန္ဓာ” နဲ့ “အသွေး” အစား “မုန့်” နဲ့ “၀ိုင်” ကို အသုံးပြု ကြပါတယ်။ တံဆေး ပါတဲ့ မပါတဲ့ မုန့်ဆိုပြီး တိတိ ကျကျ သတ်မှတ် ထားတာတော့ မတွေ့ မိပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခု ကတော့ ခရစ်တော် အသုံးပြုခဲ့တဲ့ မုန့်ကတော့ တံဆေးမဲ့ မုန့်အမျိုးအစား ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီတုန်းက အဲဒီနေ့ဟာ ပဿခါပွဲ နေ့အတွက် ပြင်ဆင် ထားတဲ့ စားပွဲပေါ်က မုန့်ဖြစ်လို့ပါပဲ။  ၀ိုင်ကတော့ ၀ိုင်ပါပဲ၊ အခြား ယဇ်မူးတဲ့ အရည်မျိုး မသုံးခဲ့ပါဘူး၊ (မသဲ ၂၆း ၂၆-၂၉) ကို ဖတ်ကြည့်ယင် တွေ့ရပါလိမ့်မယ်။

ယုံကြည်သူ အနေနဲ့ ခရစ်တော်ရဲ့ ခန္ဓာ နဲ့ အသွေးတော်ကို ၀င်ရောက် ဆက်ဆံ ကြတဲ့အခါ|-
(၁) အပေါ်ယံ အပြုအမူနဲ့၊ နှုတ်ပါးစပ် အပြုအမူနဲ့ မဆက်ဆံပါ ၊-
(၂) သစ္စာနဲ့၊ နံဝိညာဉ်နဲ့ လည်းကောင်း ၊-
(၃) နံဝိညာဉ်နှုတ်၊ ယုံကြည်ခြင်းလက် ၊-
(၄) သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်ဆံ ၊- သုံးဆောင် ရတာမျိုး ဖြစ်ပါတယ်။

သခင့်ညစာစားပွဲ (The LORD’s Supper)။
သခင့် ညစာစားပွဲ ဆိုတာ ခရစ်ယာန် အသင်းတော်တွေ အနေနဲ့ အပေါ်ယံ ဆန်တဲ့ ပကာသနတွေ၊ ဟန်ဆောင် မှုတွေ၊ အခြား ကျွေးမွေး ဧည့်ခံတဲ့ ပွဲတွေမှာ စားသလိုမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခန္ဓာ၊ စိတ်၊ ၀ိညာဉ် အားလုံးနဲ့ ခရစ်တော် ဘုရားကို ဗဟိုပြုပြီး အလေး အနက်ထား ကိုးကွယ် ၀တ်ပြုရတဲ့ ၀တ်ပြုခြင်း ဖြစ်ကြောင်း ( ၁ကေား ၁၁း၂၀-) မှာ သွန်သွင် ထားတာ တွေ့မြင် နိုင်ပါတယ်။

“သင်တို့သည် အတူစည်းဝေး ကြသောအခါ၊ ဘုရားသခင်၏ ပွဲတော်ကို စားအံ့ သောငှါ စည်းဝေး ကြသည် မဟုတ်။ အကြောင်း မူကား၊ သင်တို့သည် စားကြ သည်တွင် ကိုယ်စီ ကိုယ်စီ မိမိအစာကို အရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ အချို့ကား စားသောက်ကြူး လျက်ရှိ ကြ၏။ သင်တို့သည် စားသောက် ရာဘို့ ကိုယ်အိမ် မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင် ပြု၍၊ ဆင်းရဲသော သူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရ မည်နည်း။” ( ၁ကေား ၁၁း၂၀-)
တကယ်တော့ အဲဒီညက ခရစ်တော်နဲ့ သူ့ရဲ့တပည့် တော်တွေဟာ အတူဆုံပြီး ပသခါပွဲ အတွက် ပြင်ဆင် ခဲ့တာ ဖြစ်ပါတယ်။ ဂျူးတွေရဲ့ ပြက္ခဒိန် အရဆို အေဒီ(၃၀)ခုနှစ်၊ ဧပြီလ၊ (၆)ရက်၊ ကြာသပ တေးနေ့၊ ညနေပိုင်းလို့ ဆိုကြ ပါတယ်။ ပသခါ ပွဲဆိုတာ ဓမ္မဟောင်း ကာလက ဘုရားသခင်ဟာ ဂျူးလူမျိုး တွေကို အဲဂုတ္တုရဲ့ ကျွန်ဘ၀ ကနေ လွှတ်ပေးဖို့ လွတ်လပ်စွာ ဘုရား သခင်ကို ကိုးကွယ် ၀တ်ပြုဖို့ အဲဂုတ္တုဘုရင် ဖာရောထံ မောရှေနဲ့ အာရုန် တို့ကို စေလွှတ် အကြောင်းကြား ခဲ့ပါတယ်။ ဖာရောဘုရင်က လွှတ်မပေး တဲ့အတွက် အဲဂုတ္တု တပြည်လုံးကို ကပ်ဘေး (၁၀)ခု ကျရောက် စေပြီး၊ နောက်ဆုံး ခေါင်းမာ တဲ့အတွက် သားဦး သတ်ခြင်း ဆိုတဲ့ ဘေးဒဏ်နဲ့ ဖာရော ဘုရင်နဲ့ သူ့ရဲ့တိုင်းပြည် တခုလုံးကို ကျရောက် စေတဲ့အခါ၊ အဲဒီ ကပ်ဘေး ကနေ ဂျူးအိမ်တွေ လွတ်ဖို့၊ ဘုရား သခင်က ဂျူးတွေရဲ့ အိမ်တံခါးဝ တိုင်းမှာ သိုးအသွေး သုတ်လိမ်း ခိုင်းပြီး၊ သိုးသားကို စားခိုင်း ဆိုတဲ့ သူတို့ကို ကျွန်ဘ၀ ကနေ လွတ်မြောက် စေခဲ့တဲ့ ဘုရား သခင်ရဲ့ ကျေးဇူး ကရုဏာ တော်ကို အောက်မေ့ သတိယပြီး ကျင်းပ ပြုလုပ်တဲ့ ပသခါ (Passover) ပွဲဖြစ် ပါတယ်၊ ဂျူးလူမျိုးတွေ အနေနဲ့ ဒီပွဲကို နှစ်စဉ် နှစ်တိုင်း တစ်ပတ်တာ ကျင်းပ ကြပါတယ် (ထွက် ၁၁း နဲ့ ၁၂း)
ခရစ်တော်နဲ့ တပည့်တော်တွေ ညစာစားပွဲ ကျင်းပတဲ့ နေ့ဟာလည်း ပသခါပွဲ ကာလရဲ့ အစရက် ဖြစ်ပါတယ်။ (မသဲ၂၆း၂၆) “ထိုအခါ စားလျှက် နေကြစဉ်တွင်” ဒါကြောင့် တပည့်တော် တွေအနေနဲ့ အတိတ် ကာလက သူတို့ရဲ့ ဘိုးဘေးတွေ ဖြစ်တဲ့ ဂျူးလူမျိုး တွေကို ကျွန်ဘ၀က ထုတ်ဆောင် ကယ်တင်ခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူး ကရုဏာကို ပြန်လည် ဆင်ခြင် သတိရ အောက့်မေ့ နေတဲ့ အချိန်မျိုးမှာ ခရစ်တော်က ပသခါပွဲရဲ့ အနက် အဓိပ္ပါယ် အမှန်ကို ဖွင့်ပြဖို့ အနီစပ်ဆုံး ပုံဆောင်တဲ့ တဆေးမဲ့မုန့် တစ်လုံးကို ယူပြီး ဘုရား သခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ခဲ့ပါတယ် “ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ” မုန့်ကို ဖဲ့ပြီးတော့ အဲဒီမုန့်ဟာ မိမိရဲ့ကိုယ် ဖြစ်ကြောင်း ဖွင့်ပြတော် မူပါတယ် “မုန့်ကိုဖဲ့၍ ဤမုန့်ကား ငါ၏ကိုယ် ဖြစ်၏။” ယူစားကြပါ လို့ဆိုပြီး တပည့်တော် တွေကို ပေးပါတယ် “ယူ၍ စားကြ လော့ဟု မိန့်တော် မူလျက်၊ တပည့်တော် တို့အား ပေးတော်မူ၏။” (လုကာ၂၂း၁၉)မှာတော့ ရှင်လုကာက ပိုပြီးရှင်း လင်းစွာ ရေးသား ထားတာ တွေ့ရပါတယ်။ (မုန့်) ဤမုန့်ကား သင်တို့အဖို့ အလိုငှာ ငါစွန့်သော ငါ၏ကိုယ် ဖြစ်၏။ (ခွက်) ဤခွက်ကား သင်တို့အဖို့ အလို့ငှာ သွန်းသော ငါ၏အသွေး၌ တည်သော ပဋိညာဉ် တရားသစ် ဖြစ်၏။
ရှင်ယောဟန် ခရစ်ဝင် ကျမ်းထဲမှာ ညစာစားပွဲ အကြောင်း မပါပေမဲ့၊ ခရစ်တော်ရဲ့ ချိုးဖဲ့တော် မူခဲ့တဲ့ ကိုယ်အကြောင်းကို ဓမ္မဟောင်း ကျမ်းထဲက မန္နမုန့်နဲ့ ဆက်စပ်ပြီး ရည်ညွန်း အနက်ဖွင့် ပေးထားတာ တွေ့နိုင် ပါတယ် (ဖတ်ရန်| ယော ၆း၃၂-၅၈)။ ဒါကြောင့် ခရစ်တော်ရဲ့ ညစာ စားပွဲမှာ အသုံးပြု ခဲ့တဲ့ တဆေးမဲ့ မုန့်နဲ့  စပျစ်ရည်ဟာ ခရစ်တော်ရဲ့ ကိုယ်နဲ့ အသွေးကို ပုံဆောင် သလို၊ ပွဲတော် ၀င်ရောက် ကြတဲ့ အခါ ခရစ်တော်ရဲ့ ကိုယ် နဲ့ အသွေး တော်ကို ပုံဆောင် ထားတဲ့ မုန့်နဲ့ စပျစ်ရည်ဟာ ငါတို့ အဖြစ် အတွက် ကိုယ်ခန္ဓာပေါ် ရိုက်နှက်ခြင်း အမျိုးမျိုး ခံယူပြီး၊ အသွေးကိုသွန်း အသက်စွန့် ရွေးနှုတ် ကယ်တင်တဲ့ ခရစ်တော်ရဲ့ ကျေးဇူး ကရုဏာတွေကို ဆင်ခြင် အောက်မေ့ပြီး ပွဲတော်ကို ခံယူစားသုံး ဖို့ဖြစ်ပါတယ်။ ပွဲတော် မင်္ဂလာဟာ ဓမ္မဟောင်း ကာလက ပရောဖက် ပြုသမျှ ပုံရိပ် တွေကို၊ ခရစ်တော် အားဖြင့် ပြီးပြည့်စုံစေ ခဲ့တာကိုလည်း၊ အံ့ဖွယ် သိမြင်ခံစား ရမှာ ဖြစ်ပါတယ်။ ဓမ္မဟောင်း ခေတ်က အကြောင်း အရာတွေဟာ ပုံရိပ် လိုဖြစ်ပြီး၊ ဓမ္မသစ်ခေတ် မှာတော့ ခရစ်တော် အားဖြင့် ပီပြင်ထင်ရှား ပြည့်စုံ လာတာကို သမ္မာကျမ်းစာ ထဲမှာ များစွာ တွေ့ရ ပါလိမ့်မယ်။ Cambridge Bible မှာတော့ “ခရစ်တော်နဲ့ တပည့်တော်တွေ ကျင်းပခဲ့တဲ့ ညစာစားပွဲဟာ၊ တပည့်တော် တွေကို  သူသွန်သင် မိန့်ကြား ခဲ့သမျှ သြ၀ါဒ အားလုံးရဲ့ အနှစ်ချုပ်ဟာ  သူကိုယ်တိုင် ဖြစ်ကြောင်း၊ ဒါကြောင့် မကြာ မမြင့်မှီ မိမိ ကိုယ်တိုင် ယဇ်ကောင် အဖြစ် အသေခံ တော့မယ့် အကြောင်း၊ ညစာစားပွဲနဲ့ ပုံဆောင်ပြီး တပည့်တော် တွေရဲ့ စိတ်နှလုံးထဲ ကြိုတင် နိမိတ်ပြ သွန်သင်တာ ဖြစ်တယ်”လို့ဖေါ်ပြ ထားပါတယ်။
 ပွဲတော် မင်္ဂလာဟာ ခရစ်တော်နဲ့ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့ အချင်းချင်း (ယုံကြည်သူ အချင်းချင်း) တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်း အမှတ် လက္ခဏာ အထိမ်းအမှတ် ဖြစ်တဲ့ အတွက်၊ ကျွန်ုပ်တို့နဲ့ ခရစ်တော်၊ ကျွန်ုပ်တို့ အချင်းချင်း အမှန် တကယ် တစ်လုံး တစ်ဝတည်း ဖြစ်ဖို့ လိုပါတယ်။  ဒါကြောင့် အသင်းတော်မှာ ယုံကြည်သူ အားလုံး (အသင်းသား၊ အမှုတော်ဆောင်) တစ်လုံး တစ်ဝတည်း အမြဲရှိရ ပါမယ်။ တစ်လုံး တစ်ဝတည်း မရှိရတဲ့ အကြောင်းက ဘယ်သူကမှ ခရစ်တော်ကို ဗဟို မပြုကြလို့ပါဘဲ၊ ကိုယ့်ကိုယ်ကို ကိုယ့်အုပ်စုကိုဘဲ ကိုယ်ဗဟို ပြုနေ ကြလို့ပါဘဲ။
       
မည့်သို့ စီရင် ကျင်းပ ရမည်နည်း။
ဂျူးလူမျိုး တွေ အနေနဲ့ ပသခါပွဲကို တစ်နှစ် တစ်ကြိမ်၊ ပထမလ ဖြစ်တဲ့ Nisan (Eng-April)၊ ပထမရက် (Eng-April 6thDay)၊ ပထမနေ့ ရက်မှစ၍ ခုနှစ်ရက် တိုင်အောင် ကျင်းပဖို့ သွန်သင် ထားတာ တွေ့ရ ပါတယ် (ထွက် ၁၂း၁၅)။ ဓမ္မသစ် ခေတ်ကာလ ခရစ်တော် ကိုယ်တော် တိုင် တည်ထောင် ပေးခဲ့တဲ့ ပွဲတော်မင်္ဂလာ (The Lord’s Supper) ကို (၁ကော ၁၁း၂၅) မှာ “ဤခွက်ကို သောက်သော အခါခါ” ဒီခွက်ကို သောက်တဲ့ အခါတိုင်း လို့ပဲ ဖေါ်ပြထား ပါတယ်။
(တမန် ၂း၄၂) ထိုသူများသည် တမန်တော် တို့၏ ဆုံးမသြ၀ါဒ ကိုခံခြင်း၊ အပေါင်း အသင်း ဖွဲ့ခြင်း၊ မုန့်ကို ဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍ နေကြ၏” လို့ ဆရာကြီး ယုဒသန်က ဘာသာ ပြန်ဆို ထားပါတယ်။ အင်္ဂလိပ် ကတော့ (continued steadfastly) လို့ ဖေါ်ပြထား ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာက ဘယ်နေ့ ဘယ်အချိန် ဘယ်လို နေရာမျိုးမှာ ပြုလုပ် ရမယ် ဆိုတာထက် ချိန်းချက်တိုင်း၊ တွေ့ဆုံတဲ့ အခါတိုင်း မိတ်သ ဟာယ ဖွဲ့တိုင်း၊ ပွဲတော် မင်္ဂလာကို အလေး အနက်ထား အမြဲ ဆောင်ရွက် ကြတယ် လို့ဘဲ ပြောနိုင် ပါတယ်။  အရေး ကြီးတာက ပွဲတော် မင်္ဂလာ (သခင် ဘုရားရဲ့ ညစာ) ကို ဘယ်လို ရည်ရွယ်ချက်၊ ဘယ်လို သဘောထား၊ ဘယ်လို စိတ်ဓာတ်နဲ့ ခံယူ သလဲ ဆိုတဲ့ အပေါ် မှာဘဲ မူတည် ပါလိမ့်မယ်။ (ကောလောသဲ ၂း ၁၆-၁၇) ထိုကြောင့် စားသောက် ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင် စေနှင့်။ ထိုအရာ တို့သည် နောက်ဖြစ် လတံ့သော အရာတို့၏ အရိပ် ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။
ခောတ်တွေ ပြောင်းလဲ လာတာနဲ့ အမျှ ပွဲတော် မင်္ဂလာ အတွက် အသုံး ပြုတဲ့ ပစ္စည်းတွေ၊ ပြုလုပ်ပုံ ပြုလုပ် နည်းတွေ ပြောင်းလဲ လာတာ တွေ့ရ ပါတယ်။ ခေတ်ရဲ့ တောင်းဆို မှုတွေ ကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဥပမာ.. အခုခေတ် ပွဲတော် မင်္ဂလာကို ပြင်ဆင် ကြတဲ့အခါ၊ ခရစ်တော်ရဲ့ “ကိုယ်” ကို ကိုယ်စား ပြုတဲ့ “တဆေးမဲ့မုန့်” အစား၊ အချပ်လိုက် အသင့်ဝေရန် ready-made မုန့်ချပ် လေးတွေကို ၀ယ်ယူ အသုံး ပြုတာ တွေ့ရ ပါတယ်။ ဒါကို မှားယွင်း တယ်လို့ မဆိုလိုပါဘူး၊ လူဦးရေ ရာနဲ့ချီပြီး ဝေပေးရလို့ အခက် အခဲမရှိ ဆောင်ရွက် အသုံး ပြုကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် (၁ကော ၁၁း၂၄) “ကျေးဇူး တော်ကို ချီးမွမ်း ပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့ အဘို့ အလိုငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏” “ခရစ်တော်နဲ့ ယုံကြည်သူ၊ ယုံကြည်သူ အချင်းချင်း တစ်လုံး တစ်ဝဖြစ်ကြောင်း” အစရှိတဲ့ ပွဲတော် မင်္ဂလာရဲ့ အနက် အဓိပ္ပါယ်တွေ ပျောက်ဆုံး မသွားဖို့ ဂရုတစိုက် စီစဉ် ဆောင်ရွက် ဖို့တော့ အကြံပြု လိုပါတယ်။ (၁ကော ၁၁း၂၇-၂၉) မှာ ထို့ကြောင့် သခင်ဘုရား၏  မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက် သောသူ မည်သည်ကား၊ သခင် ဘုရား၏ ကိုယ်တော် နှင့် အသွေးတော် ကို ပြစ်မှားရာ ရောက်၏။ သို့ဖြစ်၍ လူတိုင်း ကိုယ်ကိုကိုယ် စစ်ကြောပြီးမှ မုန့်ကို စားစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်း မူကား၊ မထိုက်တန်ဘဲ စားသောက်သော သူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိ သောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေ ခြင်းငှာ စားသောက် သောသူ ဖြစ်၏။ ဒါကြောင့် ပွဲတော် မင်္ဂလာကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ လာရောက် ၀တ်ပြုသူတွေ ပြန်ပြီး ဆင်ခြင်နိုင်ဖို့ သခင်ဘုရားရဲ့ ညစာစားပွဲ (သို့) ပွဲတော် မင်္ဂလာရဲ့ အဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ နောက်ခံ သမိုင်း အစရှိသဖြင့် ပြန်လည် ဖေါ်ပြ သင့်ပါတယ်။

ပွဲတော် မင်္ဂလာသို့ ၀င်ရောက်ရန်။
ပွဲတော် မင်္ဂလာဟာ ခရစ်တော်ရဲ့ ကိုယ်၊ ခရစ်တော်၏ အသွေး၌ တည်ထားတဲ့ ပဋိညာဉ် တရားသစ် ဖြစ်သလို၊ နှုတ်ကပတ်တော်ရဲ့ သွန်သင် လမ်းပြမှု လည်း ဖြစ်တဲ့ အတွက်၊ ခရစ်ယာန် ယုံကြည် သူများ အနေနဲ့ ပွဲတော် မင်္ဂလာကို မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ နှလုံးသားနဲ့ ခံယူဖို့ အရေးကြီး လှပါတယ်။
      
      - ပွဲတော်မင်္ဂလာ သည် ဘုရားသခင် ကျွန်ုပ်တို့အား ပေးတော်မူသော မေတ္တာကရုဏာ သက်သက် ဖြစ် ကြောင်း အောက်မေ့ သတိယလျှက် ၀န်ခံရန်၊-
      -  ခရစ်တော် အသေခံခြင်း အားဖြင့် ယုံကြည်သူတိုင်း အသက်တာသစ် ခံစားရရှိ တဲ့အတွက်၊ ခရစ်တော် အလိုတော်ရှိတဲ့ အသက်တာ အတိုင်း အသက်ရှင်ဖို့ ၀န်ခံရန်၊-
      -  သရေလ လူမျိုးတွေ အဲဂုတ္တုရဲ့ ကျေးကျွန် ဘ၀ကနေ လွတ်မြောက် ခွင့်ရခဲ့သလို၊ ချိုးဖဲ့ခံတဲ့ ခရစ် တော်ရဲ့ကိုယ်၊ သွန်းခဲ့တဲ့ အသွေးတော် အားဖြင့် ယုံကြည် သူတိုင်းအား အပြစ်ရဲ့ ကျေးကျွန် ဘ၀ကနေ လွတ်မြောက် စေတော် မူကြောင်း ၀န်ခံရန်၊-
      -  ခရစ်တော်အားဖြင့် ဘုရားသခင်နဲ့ ကျွန်ုပ်တို့ တစ်လုံး တစ်ဝတည်း ဖြစ်ကြောင်း ၀န်ခံရန်၊-
      -  ခရစ်တော်အားဖြင့် ယုံကြည်သူချင်း တစ်လုံးတစ်ဝ ဖြစ်ကြောင်း ၀န်ခံရန်၊-
      -  နိုင်ငံတော်တွင် ကျင်းပမည့် ပြီးပြည့်စုံသော ခရစ်တော်၏ ညစာစားပွဲအား မျှော်လင့်လျှက် ၀န်ခံရန်၊-

နိဂုံး။
          သခင်ဘုရား ကိုယ်တော်၊ အသွေးတော်၌ တည်သော ပဋိညာဉ် တရားသစ် နှင့်ဆိုင်သော ပွဲတော်
မင်္ဂလာအား မိမိကိုယ်ကို စစ်ကြော ပြင်ဆင်လျှက် ၀င်ရောက် သူများဖြစ် နိုင်ကြပါစေဟု ဆန္ဒပြုလျှက်|-

ဝိညာဉ်မီးအိမ်(ခရစ်ယာန်စာပေစုစည်းမှု)